သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းကြီးကြပ်ရေးကော်မတီ (၁၉)ကြိမ်မြောက် ဒီပလိုမာလက်မှတ်အပ်နှင်းပွဲအခမ်းအနားကျင်းပ
- Sun, 27 August 2023
သန်လျင် ဩဂုတ် ၂၇
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း ကြီးကြပ်မှုကော်မတီ၏ (၁၉)ကြိမ်မြောက် ဒီပလိုမာလက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ၂၇-၈-၂၀၂၃ (တနင်္ဂနွေနေ့)၊ နံနက် ၉ နာရီတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုသင်တန်း ကြီးကြပ်မှုကော်မတီ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်များတွင် Advanced Diploma in Business Management (BMAD) အောင်မြင်ပြီးသော သင်တန်းသား၊ သင်တန်းသူ (၈၉)ဦးနှင့် Higher Diploma in Business Management (BMHD) အောင်မြင်ပြီးသော သင်တန်းသား၊ သင်တန်းသူ (၁၁၅)ဦးတို့အနက် ဒီပလိုမာလက်မှတ် တက်ရောက်ယူမည့်သူ (၆၄)ဦးနှင့် အဝေးရောက် (၅၁)ဦးတို့ကို သက်ဆိုင်ရာဒီပလိုမာလက်မှတ်များ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။
ဒီပလိုမာလက်မှတ်များ ချီးမြှင့်အပ်နှင်းပြီးနောက် ပါမောက္ခချုပ်မှ အမှာစကား ပြောကြားရာတွင် “သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု သင်တန်း ကြီးကြပ်မှုကော်မတီနှင့် WISE College တို့ ပူးပေါင်းပြီး Business Management Higher Diploma (BMHD) နှင့် Business Management Advanced Diploma (BMAD) သင်တန်းများကို ၂၀၁၄ ခုနှစ်မှစ၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါတွင် BMHD (Batch 12) နှင့် BMAD (Batch 11) အထိ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုသင်တန်း ကြီးကြပ်မှုကော်မတီနှင့် WISE College တို့ပူးပေါင်းပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းခွင် အသုံးချသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခြင်း အားဖြင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းစေရုံသာမက စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အလေ့အကျင့် ကောင်းများရရှိစေရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သော ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင် သည့် အရည်အချင်းပြည့်ဝသော အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေပြီး ဗလငါးတန်နှင့် ပြည့်ဝသည့် လူတော်လူကောင်းများဖြစ်လာစေရန်နှင့် တရားမျှတပြီး ရိုးသားပွင့်လင်းသည့်အသိတရားများ ရရှိစေရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း” ပြောကြားခဲ့ပြီး ဒီပလိုမာလက်မှတ် အပ်နှင်းပွဲ အခမ်းအနားကို နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရုပ်သိမ်းခဲ့ပါသည်။