သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ
- Tue, 7 January 2025
သန်လျင် ဇန်နဝါရီ ၇
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ၇-၁-၂၀၂၅ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပါမောက္ခချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်မှာ တက်ရောက် ပညာသင်ကြားခွင့် ရခဲ့ကြသည့် မောင်မယ်သစ်လွင်များအား အမိတက္ကသိုလ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မောင်မယ်သစ်လွင်များ သင်ယူလေ့လာရမည့် ပညာရပ်ဆိုင်ရာ Academic သင်ရိုးများအပြင် လုပ်ငန်းခွင် အကျိုးပြုပညာရပ်များကို Extra Curriculum များ အနေဖြင့် ထည့်သွင်းလေ့ကျင့် သင်ကြားပေးမှာဖြစ်ကြောင်း၊ Team Work ကို အခြေခံသည့် Project များ ကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ အနာဂတ်ကာလ ဖွံ့ဖြိုးတိုးတက်သည့် တိုင်းပြည် တည်ဆောက်ရေးကဏ္ဍမှာ ပညာအရည်အချင်း ပြည့်စုံရုံသာမက ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထကောင်းရှိသည့် အပြုသဘောဆောင်ပြီး ကောင်းမွန်သောစိတ်ရှိသည့် ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်၍ ပညာပြည့်ဝ နှလုံးလှသည့် နိုင်ငံ့အကျိုးပြု လူသားအရင်းအမြစ်များ ဖြစ်စေဖို့ ဤတက္ကသိုလ်မှ ဆရာ၊ ဆရာမများက ပြုစုပျိုးထောင်မွေးထုတ်ပေးမှာဖြစ်သလို မောင်မယ်သစ်လွင်များအနေနှင့်လည်း မိမိတို့ကိုယ်တိုင် ထူးချွန်ထက်မြက်သော လူမှုအဖွဲ့အစည်း အထောက်အကူပြု လူသားအရင်းအမြစ်များဖြစ်စေရန် ကြိုးစားတည်ဆောက်ကြဖို့ တိုက်တွန်း မှာကြားလိုပါကြောင်း၊ မောင်မယ်သစ်လွင်များသည် မျိုးဆက်သစ်လူငယ်များအနေဖြင့် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံ မှနေပြီး နိုင်ငံတော်ကို လက်တွေ့အကျိုးပြုကြဖို့ တိုက်တွန်းမှာကြား ရင်းနှုတ်ခွန်းဆက်သခဲ့ပါသည်။ ထို့နောက် သင်တန်းရေးရာဌာန၊ ဌာနမှူးမှ တက္ကသိုလ် စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မောင်မယ်သစ်လွင် များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ စီမံဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ မော်ကွန်းထိန်း၊ လက်ထောက်မော်ကွန်းထိန်း၊ စာကြည့်တိုက်မှတာဝန်ရှိသူများ၊ စီမံ၊ ဘဏ္ဍာ၊ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများ၊ ပထမနှစ်သင်ကြားသည့် ဆရာ၊ ဆရာမများနှင့် မိတ်ဆက်ပေးခဲ့ပြီး ပထမနှစ် ဝင်ခွင့် အမှတ်အများဆုံးဆု ရရှိသူ မသက်နှင်းဖွေးအား ဆုချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်များနှင့် တစ်ဦးချင်းစီ မိတ်ဆက်ခြင်း၊ အထူးပြု ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ တိုင်းရင်းသားရိုးရာအကများဖြင့်ဖျော်ဖြေခြင်း၊ “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းဖြင့် ပထမနှစ် ကျောင်းသား၊ သူများက ဖျော်ဖြေတင်ဆက်ခြင်းနှင့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး UCMT King၊ Queen နှင့် UCMT People Choice ရရှိသူ မောင်သစ်လွင်၊ မယ်သစ်လွင်များအား ဆုချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံဌာနမှူးများ၊ ဘာသာရပ် တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀၀) ဦးကျော် တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။