သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲကျင်းပ
- Fri, 3 January 2025
သန်လျင် ဇန်နဝါရီ ၃
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈နာရီခွဲတွင် ဘက်စုံသုံးခန်းမ၊ ဥတ္တရဆောင်နှင့် ဒက္ခိဏဆောင်ရှေ့တွင် ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ/ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အားကစားပြိုင်ပွဲများမှာ ထုပ်ဆီးတိုးပြိုင်ပွဲ (အမျိုးသမီး)၊ လွန်ဆွဲပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ အပြေးပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)နှင့် အာလူးကောက်အပြေးပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး) များဖြစ်ပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အားကစား စိတ်ဓာတ်အပြည့်ဖြင့် ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲအလိုက် ဆုရရှိသူများအား ဆုများချီးမြှင့်ရာ ထုပ်ဆီးထိုးပြိုင်ပွဲ (အမျိုးသမီး)တွင် ပထမ၊ ဒုတိယ ရရှိသည့်အဖွဲ့များနှင့် လွန်ဆွဲပြိုင်ပွဲ (အမျိုးသား)တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့်အဖွဲ့များအား ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း ကလည်းကောင်း၊ လွန်ဆွဲပြိုင်ပွဲ (အမျိုးသမီး)တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့်အဖွဲ့များအား အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဦးကျော်ဖုန်းနိုင် ကလည်းကောင်း၊ အပြေးပြိုင်ပွဲ (အမျိုးသား)တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား အားကစားနှင့်ကာယပညာကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်နှင်းမိုးဆမ်း ကလည်းကောင်း၊ အပြေးပြိုင်ပွဲ (အမျိုးသမီး)တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား သင်တန်းရေးရာဌာန၊ ဌာနမှူး ဦးဇော်မိုးအောင် ကလည်းကောင်း၊ အာလူးကောက် အပြေးပြိုင်ပွဲ (အမျိုးသား)တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား စီမံခန့်ခွဲရေးဌာန၊ ဌာနမှူး ဒေါက်တာဥမ္မာသန်း ကလည်းကောင်း၊ အာလူးကောက်အပြေးပြိုင်ပွဲ (အမျိုးသမီး)တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား မြန်မာစာဌာန၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာအေးအေးမော် ကလည်းကောင်း ငွေသားဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။