သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ပါမောက္ခချုပ်ဖလား အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲ အခမ်းအနားကျင်းပ
- Wed, 5 February 2025
သန်လျင်၊ ဖေဖော်ဝါရီလ ၅
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ်ဖလား အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲကို ၃-၂-၂၀၂၅ ရက်နေ့မှ ၅-၂-၂၀၂၅ ရက်နေ့အထိ တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပါမောက္ခချုပ်ဖလား အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးအားကစား ပြိုင်ပွဲတွင် စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာအထူးပြု ဘာသာရပ်အသင်း၊ ဈေးကွက် ဖော်ဆောင်ရေးစီမံခန့်ခွဲမှု ပညာအထူးပြုဘာသာရပ်အသင်း၊ အသုံးချစာရင်းအင်းပညာ အထူးပြုဘာသာရပ်အသင်း၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုဘာသာရပ်အသင်း၊ လူမှု စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ် အသင်းနှင့် ပထမနှစ်သင်တန်းအသင်း၊ စုစုပေါင်း အသင်း(၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲကို ၃-၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် တက္ကသိုလ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်က အဖွင့်အမှာ စကား ပြောကြားရာတွင် စိတ်ဓာတ်ကောင်းမွန်စွာဖြင့် စည်းကမ်းလိုက်နာရန်၊ အားကစား စိတ်ဓာတ် အပြည့်အဝ ထား၍ ယှဉ်ပြိုင်ကစားကြရန်နှင့် တက္ကသိုလ်လက်ရွေးစင် ဖူဆယ် အားကစားသမားများမှသည် ဝန်ကြီးဌာန ကိုယ်စားပြု လက်ရွေးစင်ဖူဆယ် အားကစားသမား များဖြစ်အောင် ကြိုးစားဆောင်ရွက် ကြရန်တိုက်တွန်းမှာကြားပြီး၊ အားကစား အသင်းများမှ အားကစား သစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ပါသည်။ ထို့နောက် ပြိုင်ပွဲအသင်းများသည် သတ်မှတ်ထားသည့် ပွဲစဉ်များအတိုင်းယှဉ်ပြိုင် ကစားခဲ့ကြသည်။
ဆက်လက်၍ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ၅-၂-၂၀၂၅ ရက်နေ့ နေ့လယ် ၁:၀၀နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါ်မြင့်မြင့်စိန်၊ စီမံခန့်ခွဲရေးဌာနနှင့် သင်ကြားရေးဌာနများမှ ပါမောက္ခ/ ဌာနမှုးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲတွင် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက hat-trick ဂိုးသွင်းဆုများ ရရှိသော ပထမနှစ်သင်တန်းအသင်းမှ၊ ပသမ-၂၉၈ မောင်ကောင်းဝင်းဟိန်း နှင့် စီမံခန့်ခွဲမှုပညာအထူးပြု ဘာသာရပ်အသင်းမှ 3MM-59၊ မကြည်ကြည်အေးတို့အား ဂုဏ်ပြုဆုငွေ နှင့် အမှတ်တရလက်ဆောင် ဘောလုံးများအား လည်းကောင်း၊ ပထမဆု ရရှိသော အမျိုးသား လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ အထူးပြုဘာသာရပ်အသင်း နှင့် အမျိုးသမီး ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ်အသင်းတို့အား ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ဆုဖလား၊ ဂုဏ်ပြုဆုငွေနှင့် တစ်ဦးချင်း ဆုတံဆိပ်များအားလည်းကောင်း၊ ဒုတိယဆုရရှိသော အမျိုးသားဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာအထူးပြု ဘာသာရပ်အသင်း ဒုတိယ ပါမောက္ခချုပ်(သင်ကြား)မှ လည်းကောင်း၊ ဒုတိယဆု ရရှိသော အမျိုးသမီး ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာ အထူးပြုဘာသာရပ်အသင်းတို့အား အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ဦးကျော်ဖုန်းနိုင်မှ လည်းကောင်း၊ တတိယဆုရရှိသော အမျိုးသား ပထမနှစ်သင်တန်း အသင်းအား တက္ကသိုလ်အားကစားနှင့် ကာယပညာကော်မတီ ဒုဥက္ကဋ္ဌ၊ ဒေါ်နှင်းမိုးဆမ်းမှ လည်းကောင်း၊ တတိယဆုရရှိသော အမျိုးသမီး ပထမနှစ်သင်တန်းအသင်းအား သင်တန်းရေးရာ ဌာနမှူး၊ ဦးဇော်မိုးအောင်က လည်းကောင်း၊ ဂုဏ်ပြုဆုငွေနှင့် တစ်ဦးချင်းဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
