သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် UCMT CAREER FAIR 2025 ကျင်းပ
- Tue, 25 February 2025
သန်လျင် ဖေဖေါ်ဝါရီ ၂၅
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် UCMT CAREER FAIR 2025 ကို ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် UCMT CAREER FAIR 2025 ကို ကျောင်းသား၊ ကျောင်းသူများအား လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ဘဏ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များရရှိစေရန်၊ လုပ်ငန်းခွင်နှင့် တက္ကသိုလ်ချိတ်ဆက်မှု အားကောင်းစေရန်နှင့် ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်အနေဖြင့် အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံရှိသော လူမှုစီးပွားရေးပညာတတ် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးရန် ရည်မှန်းချက်ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်၏ အရည်အသွေးအာမခံမှုနှင့်ပတ်သက်၍ ASEAN University Network Quality Assurance (AUN-QA) ၏ တွဲဖက်အသင်းဝင် တက္ကသိုလ်တစ်ခုဖြစ်ပြီး တက္ကသိုလ်တွင် သင်ကြား ပို့ချပေးနေသော ဘွဲ့ဒီဂရီ ၅ ခုအနက် ဘွဲ့ဒီဂရီ ၂ ခု ဖြစ်သော Bachelor of Business Science (Marketing Management) နှင့် Bachelor of Business Science (Social Enterprise Management)တို့ကို ၂၀၂၇ ခုနှစ်တွင် ASEAN University Network Quality Assurance (AUN-QA) ၏ အသိအမှတ်ပြုလက်မှတ်ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ရှိသော အထူးပြု ဘာသာရပ်ဆိုင်ရာဘွဲ့များဖြစ်သည့် Bachelor of Business Science (Accounting and Finance)၊ Bachelor of Business Science (Regional Development) နှင့် Bachelor of Business Science (Applied Statistics) မေဂျာများကိုလည်း လာမည့် ၂၀၃၀ ခုနှစ်တွင် ASEAN University Network Quality Assurance (AUN-QA) အသိအမှတ်ပြုလက်မှတ်ရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ်အနေဖြင့် ၂၀၁၂ခုနှစ် တက္ကသိုလ်အဆင့် တိုးမြှင့်ခဲ့သည့် အချိန်မှစ၍ ယနေ့အချိန်ထိ ကျောင်းသား၊ကျောင်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ် ပြီးနှစ်စဉ်၊ နှစ်တိုင်း Job Fair နှင့် Career Fair ကို ကျင်းပပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောဂဗေဒအသင်း (Myanmar Economic Association-MEA) ဥက္ကဋ္ဌ ဦးကြည်ထွန်းက အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် Myanmar Resources Network တည်ထောင်သူနှင့် Myanmar Retailers Association ဂုဏ်ထူးဆောင်နာယက ဦးသူရိန်ငြိမ်းက “Building, Growing & Moving Forward” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး Myanmar Economic Association ဂုဏ်ထူးဆောင်နာယက ဆရာကြီးဒေါက်တာဦးအောင်က “Economic Growth Models: Business 4.0 & AI” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဧည့်သည်တော်များက ဟောပြောခဲ့သည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေခဲ့ရာ ဆရာကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် Myanmar Economic Association ဂုဏ်ထူးဆောင်နာယက ဆရာကြီးဒေါက်တာဦးအောင်နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၊ ခေတ္တပါမောက္ခချုပ်(ငြိမ်း)၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ ဌေးဌေးလွင်တို့က တက္ကသိုလ်စာကြည့်တိုက်အတွက် သုတရသစာအုပ်များ ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။ ယင်းနောက် ပါမောက္ခချုပ်က ဆွေးနွေးဟောပြောခဲ့သည့် ဆရာကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဘဏ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက ၎င်းတို့လက်ရှိ ဆောင်ရွက်နေသည့်အခြေအနေများ၊ အနာဂတ်ရည်မှန်းချက်များနှင့် အလုပ်အကိုင်အခွင့်အလမ်း များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ များက မိမိတို့စိတ်ပါဝင်စားသည့် ဘဏ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများတွင် အလုပ်အကိုင်များ လျှောက်ထားခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ပါမောက္ခချုပ်၊ Myanmar Economic Association ၏ ဂုဏ်ထူးဆောင်နာယက ဆရာကြီးဒေါက်တာဦးအောင်၊ မြန်မာနိုင်ငံဘောဂဗေဒအသင်းဥက္ကဋ္ဌ ဦးကြည်ထွန်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ခေတ္တပါမောက္ခချုပ်(ငြိမ်း)၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာဌေးဌေးလွင်၊ Myanmar Resources Network တည်ထောင်သူနှင့် Myanmar Retailers Association ဂုဏ်ထူးဆောင်နာယက ဦးသူရိန်ငြိမ်း၊ Myanmar Economic Association မှ တာဝန် ရှိသူများ၊ ဘဏ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ခေတ္တဌာနမှူး/ ဘာသာရပ် တာဝန်ခံများ နှင့်ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။